ကျောင်းကုန်းမြို့နယ်၊ ရေခလုတ်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် သိရီဝဏ္ဏထူပါရုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ရေခလုတ်ကျေးရွာ ထူပါရုံကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် သိရီဝဏ္ဏထူပါရုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များသည် “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။

ယင်းနောက် မိုးကုတ်မြို့၊သစ္စာအောင်မြေ မင်္ဂလာတိုက်ဆရာတော် ဘဒ္ဒန္တဝိမလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မိုးကုတ်မြို့၊သစ္စာအောင်မြေ မင်္ဂလာတိုက်ဆရာတော်ဘုရားကြီးထံ စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆင်ကပ်လှူဒါန်းခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်မိသားစုများမှ ရတနာစိန်ဖူးတော်အားလည်း၊  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အလှူရှင်မိသားစုများမှ ငှတ်မြတ်နားတော်အားလည်းပင့်ဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်များမှ ဒေဝါဝင်း၊ ရာဇာဝင်းများလိုက်ပါလျက်စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်နိုင်ရန် အလှူရှင်မိသားစုက ပန်းရထားစင်မြင့်ပေါ်သို့ ပင့်ဆောင်၍ ပန်းရထားဖြင့် စေတီတော်မြတ်ကြီးသို့ ဆက်လက်ပင့်ဆောင်လှူပူဇော်ခဲ့ပြီး မင်္ဂလာအချိန်တွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်မြတ်ကြီး၏အထွဋ်သို့ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တပ်ဆင်ပူဇော်ခဲကြပြီးနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။

04-May-2023