ပုသိမ်မြို့၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင် ဆောက်လုပ်ခြင်းအလှူငွေ ပေးအပ်ပွဲနှင့် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊နိဂြောဓာရုံညောင်ပင်သာ စာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင် ဆောက်လုပ်ခြင်းအလှူငွေ ပေးအပ်ပွဲနှင့် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ပရဝုဏ်အတွင်း ကျင်းပခဲ့ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက် နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်အရှင်သူမြတ်များအား ပန္နက်တော်၊လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစု၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များမှ အလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ  ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်၍ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာများတွင် နေရာယူပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တပြိုက်နက် ပန္နက်တော်အား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တော်တင်ခဲ့ကြပြီး ပန္နက်တော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

04-May-2023