၁၃၈၅ခုနှစ်၊ ကဆုန်လ ပြည့် (ဗုဒ္ဓနေ့)ကိုရည် မှတ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကျင်းပ

၁၃၈၅ခုနှစ်၊ ကဆုန်လ ပြည့် (ဗုဒ္ဓနေ့)ကိုရည် မှတ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား  ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်‌ဆောင်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပခဲ့ရာ ဩဝါဒစရိယဆရာတော်ကြီးများ၊ 
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား  ကြွရောက်တော်မူလာကြသော စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီး (၉) ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံခွန်၊ကုက္ကား၊မုလေးပွားများ ဆက်ကပ်ခဲ့ပြီးနောက်  ရင်ပြင်တော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို    ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူပေးပါရန် သဘာပတိအဖွဲ့ကလျှောက်ထားခဲ့ပြီး စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများက ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးအဖွဲ့တို့မှ ဩဝါဒစရိယဆရာတော်ကြီးများအား အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ရေစက်ချအလှူတော်မင်္ဂလာကျင်းပရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်ဆရာတော်  (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။ ယင်းနောက် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ပင် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် မြတ်စွာဘုရားအပါအဝင် သံဃာတော်၂၀၅၂ပါး၊သီလရှင်၂၅၉ပါး၊စုစုပေါင်း၂၃၁၁ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားအား ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား ပုသိမ်မြို့အပါအဝင် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၈)ခရိုင်နှင့် မြို့နယ်၊မြို့များ၌ကျင်းပပြုလုပ်ခဲ့ရာ  သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၁၃၄၆၇)ပါးအား လောင်းလှူနိုင်ခဲ့ကြောင်းသိရသည်။

03-May-2023