ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အပိုထပ်​ဆောင်း ထိုးနှံ​ပေးနေမှုများနှင့် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေးများထိုးနှံနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး

ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအပိုထပ်ဆောင်း ထိုးနှံ​ပေးနေမှုနှင့် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံ​ပေးနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်   ပုသိမ်မြို့၊  အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ပြည်သူများအား ဆေးမထိုးနှံမီ သွေးပေါင်ချိန်တိုင်းတာခြင်း၊သွေးတွင်းအောက်ဆီပမာဏတိုင်းတာခြင်း၊နှလုံးခုန်နှုန်း တိုင်းတာခြင်းများနှင့် ကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အထွေထွေရောဂါဆေးရုံကြီး အရေးပေါ်ကုသရေးဌာန၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာများအား ထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လူနာများအတွက် လိုအပ်ပါက အောက်စီဂျင်လုံလောက်စွာပေးနိုင်ရေးအတွက် ​အောက်စီဂျင်စက်ရုံများအားစနစ်တကျလည်ပတ်နိုင်​အောင်​ပြင်ဆင်ထားရှိ​ရေးနှင့် အောက်ဆီဂျင်အိုးများ အရံသင့်ထားရှိရေး၊  အရေးပေါ် လူနာကုသဆောင်များတွင် ကိုဗစ်-၁၉ရောဂါကုသရေးနှင့် ပတ်သက်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ အဆင့်သင့်ထားရှိရေး၊ ​ကိုဗစ် ၁၉ ​ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ​စေ​​ရေးနှင့် မိမိကိုယ်ကို သံသယရှိပါက နီးစပ်ရာကျန်းမာ​ရေးဌာနသို့ သွား​ရောက်၍ အမြန်ဆုံးကုသမှုခံယူ​ရေး ပြည်သူများသိရှိနိုင်​အောင် ကျယ်ကျယ်ပြန့်ပြန့်အသိပညာ​ပေး​ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ က​လေးငယ်များအား ( Routing EPT ) တိုးချဲ့ကာကွယ်​ဆေး ထိုးနှံ​ပေး​နေမှုများအား သွား​ရောက်ကြည့်ရှုအား​ပေးခဲ့သည်။ မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ  အသက် ၂ လ အရွယ်မှ ၉ လ အရွယ်ထိ က​လေးငယ်များကို ပုံမှန်ကာကွယ်​ဆေး၊ ၁နှစ်ခွဲအရွယ် ကလေးငယ်များအား ဒုတိယအကြိမ် ဝက်သက် ကာကွယ်​ဆေးများအား လစဥ် ၁ ရက်​နေ့တိုင်း မြို့နယ်ကျန်းမာ​ရေးဌာနတွင် ထိုးနှံ​ပေးလျှက်ရှိပြီး ကျန်ရက်များတွင် ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/​ကျေးရွာများသို့ ကွင်းဆင်း၍ ကာကွယ်​ဆေးများထိုးနှံ​ပေးလျက်ရှိပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့​သွား​ရောက်၍ ကျန်းမာ​ရေးဌာနမှ ​ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်​ဆောင်းထိုးနှံ​ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။ 

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ အောက်ဆီဂျင်စက်ရုံမှ အောက်စီဂျင် လည်ပတ်ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ဆေးရုံတက်ရောက်နေသည့် လူနာများအားလည်းကောင်း၊ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီးသည့်   ၃၈ပေ၊ ၁၃၀ပေရှိ RC နှစ်ထပ်၊ ၃၂ ခုတင်ဆံ့ တိုးချဲ့လူနာဆောင်သစ်အားလည်းကောင်း ‌၊ ကျန်းမာ​ရေးဝန်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထပ်​ဆောင်း ထိုးနှံမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး အားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ​ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်​ဆောင်း ထိုးနှံ​ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးများ အပြည့်အဝထိုးနှံပေးနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်ခဲ့ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်က စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံ (၁)ရုံ၊ စပါးခွံလောင်စာသုံး boiler ဖြင့် Turbine စနစ်အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား ၁၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် စက်ရုံ (၂)ရုံ စုစု​ပေါင်းဓါတ်အား ၄၂ မဂ္ဂါဝပ်ရရှိမည့် စက်ရုံ(၃)ရုံ တည်​ဆောက်​ရေးလုပ်ငန်းခွင်သို့​ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လျှပ်စစ်ဓါတ်အား ရရှိပါက လုပ်ငန်း​ဆောင်ရွက်နိုင်မည့်အ​ခြေအ​နေများ၊ စပါးခွံ​လောင်စာများသို​​လှောင်ထားရှိမည့် အ​ခြေအ​နေများ၊ စပါးခွံ​လောင်စာသုံးလျှပ်စစ်ဓါတ်အား​ပေးစက်ရုံများမှ ထွက်ရှိမည့် စွန့်ပစ်ပစ္စည်းများမှ ဇီဝ​မြေသြဇာထုတ်လုပ်မည့် အ​ခြေအ​နေများနှင့် အအေးခန်းစက်ရုံနှင့်သို​​​လှောင်ရုံများ ဆောက်လုပ်​ရေးလုပ်ငန်းခွင်များအား လိုက်လံရှင်းလင်းပြသခဲ့​ကြောင်းသတင်းရရှိပါသည်။

01-May-2023