ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်မူလတန်းကြိုကျောင်းအား တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်မူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက  အောင်ဆန်းရပ်ကွက်၊အောင်ဆန်းလမ်းမတော်လမ်းရှိ အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ရာခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လုံခြုံရေးရာနှင့်နယ်စပ်ရေးရာဝန်ကြီး၊လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ထို့နောက် ဝန်ကြီးချုပ်သည် ကျောင်းဆောင်သစ်ဆိုင်းဘုတ်အားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့ကာ ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယနေ့ဖွင့်လှစ်သည့် မူလတန်းကြိုကျောင်းသည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပြီး ကျောင်းဆောင်သစ်ကြီးအား ဆောက်လုပ်ပြီးစီး၍ ယနေ့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ရာ ကလေးငယ်များအတွက် များစွာအကျိုးရှိစေမှာဖြစ်ပါကြောင်း၊ မူကြိုကလေးငယ်များသည်သိချင်တတ်ချင်စိတ်၊ စူးစမ်းလေ့လာချင်စိတ်များသည့်အရွယ်ဖြစ်၍ ရုပ်ပိုင်းဆိုင်ရာများ၊ သင်ကြားပြသရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများဖန်တီးပေးရန်လိုပါကြောင်း၊ အခြေခံကောင်းများပြုစုပျိုးထောင်ရမှာဖြစ်ပါကြောင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်ရှိပါကြောင်းနှင့် ကျောင်းဆောင်ရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်ပေးကြရန်လိုပါကြောင်း”အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က မူလတန်းကြိုကျောင်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ဆောက်လုပ်ရေးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာမှ လူမှုဝန်ထမ်းဦးစီးဌာနသို့ ကျောင်းဆောက်သစ်နှင့်ပတ်သက်သည့်စာရွက်စာတမ်းများအား ပေးအပ်ခဲ့ပြီးနောက် ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးတို့မှ ရေကြည်မြို့၊မူလတန်းကြိုကျောင်းရှိ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး မူကြိုကလေးငယ်များပျော်ရွှင်စွာဆော့ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ကလေးငယ်များအတွက် ကစားစရာပစ္စည်းများ၊စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ အဆိုပါ မူကြိုကျောင်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး (၆၀×၃၀×၂၄)ပေ၊ (၂၀×၂၅×၂၄)ပေ L ပုံစံ RC နှစ်ထပ် အဆောက်အဦဖြစ်ကြောင်းသိရသည်။

27-Mar-2023