ကျောင်းကုန်းမြို့ မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးပရဝဏ်အတွင်းအလှူရှင်များ၏ ကောင်းမှုဖြင့်ဆောက်လုပ်လှူဒါန်းပြီးစီးသော ဓမ္မသဟာယမဉ္ဇရီ သာသနာ့ဗိမာန်တော်ကြီးကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့ အမှတ်(၂)ရပ်ကွက်အတွင်း ကိန်းဝပ်စံပါယ်တော်မူသော မြို့၏ကျက်သရေဆောင် သမိုင်းဝင်မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးပရဝဏ်အတွင်းအလှူရှင်များ၏ ကောင်းမှုဖြင့်ဆောက်လုပ်လှူဒါန်းပြီးစီးသော ဓမ္မသဟာယမဉ္ဇရီ ဗိမာန်တော်ကြီး ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊တိုင်း‌ဒေသကြီးဥပဒေချုပ်၊ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သမိုင်းဝင်မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးအား ပန်း၊ရေချမ်း၊ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခဲ့ပြီး ဘုရားကြီးအားလှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကာ ဘုရားကြီးကိန်းဝပ်တော်မူရာ တံကဲတော်ကြီးအား ရှေးလက်ရာမပျက်ရေရှည်တည်တံ့စေရေး၊ လျှပ်စစ်မီးစနစ်တကျသုံးစွဲရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်တာဝန်ရှိသူများအား မှာကြားခဲ့သည်။ အဆိုပါ သမိုင်းဝင်မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးသည် သက္ကရာဇ်၁၂၆၇ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ကြပြီး တံကဲတော်ကြီးသည် ကျွန်းသားငါးတုံးတွင်ကနုတ်ပန်း ရုပ်လုံးရုပ်ကြွများဖြင့် အမြင့် ၂၅ပေ ၇လက်မ ထုလုပ်ခဲ့ရာ ဗုဒ္ဓဝင်ဇာတ်ဝင်ခန်း(၁၅)ခန်းထွင်းထုထားရှိပြီးမြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ်တွင်စတင်ထွင်းထုထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

ယင်းနောက် စစ်ကိုင်းမြို့၊ မဟာသု‌ဗောဓာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသအား ဖူးမြော်ကြည်ညိုခဲ့ကာ သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုအစုစုတို့အားလှူဒါန်းပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ‌မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးပရဝဏ်အတွင်းတွင် ပြုလုပ်သည့် ဓမ္မသဟာယမဉ္ဇရီဗိမာန်တော်ကြီးကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအားကျင်းပရာ “နမောတဿ”မဟာပဏာမ ဘုရားရှိခိုးဖြင့် သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်းမြို့၊မဟာသု‌ဗောဓာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ် တပည့်ဒါယိကာ၊ဒါယိကာမများက (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကိုဆက်လက် နာယူကြည်ညိုခဲ့ကြသည်။

ယင်းနောက်   ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ အလှူရှင်များက ဓမ္မပူဇာအလှူငွေများအားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ် တပည့်ဒါယိကာ၊ဒါယိကာမများက  အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ပြီး ဓမ္မသဟာယမဉ္ဇရီ သာသနာ့ဗိမာန်တော်ကြီးကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော် မင်္ဂလာအောင်ပွဲထွဋ်တင် အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်သံပြိုင်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး  နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။

13-Mar-2023