စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက် အားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်ခဲ့ရာ သင်တန်းသားသင်တန်းသူများမှ "အလှပန်းအစဉ်ဖြာဝေ" ကျောင်းသီချင်းဖြင့် စတင်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင်
မောင်မယ်သစ်လွင်များဟာ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်လာကြမှဖြစ်ပါကြောင်း၊ မောင်မယ်တို့တွေဟာ ခေတ်မီတဲ့ စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီ အရောက်ဖြန့်ဝေပေးကြရမှာဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး နိုင်ငံ့စပါးကျီဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်စေရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး မောင်တို့မယ်တို့အင်အားများဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  မောင်မယ်တို့အနေဖြင့် ပညာသင်စဉ်ကာလတစ်လျှောက် ကျောင်းတော်ကြီးမှချမှတ်ထားသော စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြပြီး ပညာထူးချွန်၍ နိုင်ငံတော်အတွက် အားထားရသော စိုက်ပျိုးရေးပညာရှင်များ ဖြစ်လာစေရေးကြိုးစားကြရန်မှာကြားခဲ့ပါသည်။

ထို့နောက်  စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) ကျောင်းသားကျောင်းသူများအတွက်ဂုဏ်ပြုထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)ရှိကျောင်းအုပ်ဆရာမကြီးနှင့်၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်အတူ နေ့လည်စာ သုံးဆောင်ခဲ့ပါသည်။ စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်)၊ ကျောင်းသားကျောင်းသူ (၁၇၆)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် (လပွတ္တာ-မြောင်းမြ- အိမ်မဲ- ကျောင်းကုန်းလမ်း) မိုင်တိုင် (၄၄/၃)နှင့် (၄၅/၃)အတွင်း ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှစစ်ဆေးခဲ့ပြီး တိုင်းဦးစီးမှု လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းပုခုံများစနစ်တကျဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။

19-Jan-2023