မြောင်းမြမြို့နယ် ရှိကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက  ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (ဒုတိယအဆင့်)( NEP Phase II)ဖြင့်ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက်  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲ မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ(၃၀) အိမ်ထောင်စု(၃၀)စုတို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။ 

ဆက်လက်၍ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မြောင်းမြမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှဆောင်ရွက်သည့် ပေသလပ်ကုန်း-ပြင်ရွာလမ်း (၁မိုင်၊ ၁.၁ဖာလုံ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  လမ်းပုခုံများစနစ်တကျဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ မြောင်းမြမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးရိတ်သိမ်းပြီးမှုအပေါ် နွေစပါး၊ဆောင်းသီးနှံနှင့်ဆီထွက်သီးနှံစိုက်ပျိုးပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက် နှုန်းတိုးစေရေး၊ သဘာဝ မြေသြဇာနှင့်ဓာတ်မြေသြဇာအချိုးကျသုံးစွဲစေရေး၊ တောင်သူများအသိပညာပေးလုပ်ငန်းများဆောင်ရွက်စေရေးမှာကြားခဲ့သည်။

19-Jan-2023