ဧရာဝတီတိုင်းဒေသကြီး စားရေရိက္ခါဖူလုံရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

စားရေရိက္ခါဖူလုံရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားဒေသခံကိုယ်စားလှယ်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအသင်းမွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းကုမ္ပဏီများ တက်ရောက်ခဲ့ကြသည်။ 

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခါဖူလုံရေးကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊ နွေစပါး စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရိုးပြက်ကျန်ဧကများတွင် နွေစပါးအပါအဝင် အခြားသီးနှံများစိုက်ပျိုးလျက်ရှိပါကြောင်း၊မြေဆီ၊ မြေသြဇာများပြန်လည်ကောင်းမွန်လာစေရေးအတွက် ၂၀၂၃ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက (၁)သိန်း အား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များထည့်သွင်း စိုက်ပျိုးမည် ဖြစ်ပြီး လာမည့် ၂၀၂၄ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက(၂၇)သိန်းအား အပြည့်အဝထည့်သွင်း စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှုလျော့ချနိုင်ရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံစေရေးအတွက်လည်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများအား တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊  စိုက်ပျိုးရေလုံလောက်စွာရရှိစေရေးအတွက် ချောင်းပိတ်၊မြောင်းပိတ်လုပ်ငန်းများ၊ မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို စိုက်ပျိုးချိန်အမီ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြစ်ရေတင်လုပ်ငန်းများ၊ ဆည်ရေသောက်လုပ်ငန်းများဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သား/ငါး ကဏ္ဍတွင် အင်းလုပ်ငန်း၊ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊ မွေးမြူရေးကန်များဖြင့် ငါး၊ ပုဇွန်၊ ဂဏန်းစနစ်တကျမွေးမြူခြင်း၊ အသားတိုးကြက်၊ဝက်၊ နွား၊ ဆိတ်မွေးမြူခြင်း၊ ဥစား(ကြက်/ဘဲ)မွေးမြူခြင်းစသည့်လုပ်ငန်းများဖြင့် စားရေရိက္ခာဖူလုံရေးနှင့်ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသူများမှ စားရေရိက္ခါဖူလုံရေး အပြန်အလှန်ဆွေးနွေးပေးကြရန်နှင့် ရလဒ်ကောင်းများထွက်ပေါ်လာစေရေး ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

ထို့နောက်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်မှ လည်းကောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်း၊မွေးမြူရေးနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများမှလည်းကောင်း၊ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်းအသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး Global Earth ကုမ္ပဏီ၊ Htoo Htet Han ကုမ္ပဏီ၊ Delta Queen ကုမ္ပဏီတို့မှမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးတင်ပြခဲ့ရာ ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်မှ သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးသည် ရေမြေသယံဇာတများ၊ လူစွမ်းအားအရင်းအမြစ်များပေါကြွယ်ဝပြီးဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက်  သုတေသနပြုလုပ်ငန်းများ၊ခေတ်မီနည်းစနစ်များအသုံးပြုဆောင်ရွက်စေရေးဆွေးနွေးပွဲရလဒ်များအားအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်စေရေးနှင့် လူဦးရေပွားများလာသည်နှင့်အမျှ စားရေရိက္ခါပိုမိုဖူလုံစေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားခဲ့သည်။ ထို့နောက် စားရေရိက္ခါဖူလုံရေးအလုပ်ရုံဆွေးနွေးပွဲစကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး Stake Holder များ၏ ဆွေးနွေးချက်များအပေါ် အစုအဖွဲ့လိုက်  ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြကာဆွေးနွေးပွဲရလဒ်အဖြစ် အတည်ပြုခဲ့ကြကြောင်းသိရသည်။

17-Jan-2023