ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ မြို့အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ရွာ အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၇၀.၁၇၅)သန်းဖြင့် ဆောင်ရွက်သည့် ၁၂၀ ပေx ၃၀ ပေ၊ RC (၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ပတ်ကွန်ကရစ်လမ်း ၃ မိုင် ၄ ဖာလုံပေါ်တွင် အမှတ်(၂)ရပ်ကွက်အနီး ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်လျက်ရှိသဖြင့် ကျောက်စီမြေထိန်းနံရံ ပြုလုပ်ဆောင်ရွက်ရန် လိုအပ်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ရွှေဟိုင်းကြီး ငါး၊ပုဇွန်အအေးခန်းစက်ရုံ ကုမ္ပဏီလီမိတက်၏ အအေးခန်း စက်ရုံလည်ပတ်နေမှုအားလည်းကောင်း၊ စက်ရုံမှ ဝယ်ယူလျက်ရှိသည့် ငါးပုစွန် အမျိုး အစားများ၊ ရေခဲစက်မှ ရေခဲထုတ်လုပ်မှုနှင့် အေးခဲ ငါး၊ပုဇွန် ထုပ်ပိုးနေမှုများအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြပြီး အဆိုပါစက်ရုံ၌ ဒေသခံ(၁၀၀)ကျော် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်း သိရှိရပါသည်။

ဆက်လက်၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား ကျောင်းသူ များကို အချိန်ပိုသင်ကြားပို့ချပေးလျက်ရှိသည့် ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(စံထူး-စံပြ-အဏ္ဏဝါ) နှင့် အခြေခံပညာအထက်တန်းကျောင်း(ဟိုင်းကြီး)သို့ သွားရောက်၍ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ဟိုင်းကြီး)၊ မြကျွန်းသာယာခန်းမ၌ မြို့အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ပြီး ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

30-Oct-2022