ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ဘက်စုံပြုပြင်ရေးအတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ဘက်စုံပြုပြင်ရေးအတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် စေတီတော်ရင်ပြင် ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နယ်မြေခံရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊  တိုင်းခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပါသည်။ ထို့နောက် ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ဘက်စုံပြုပြင်ရေးအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားအား သံဃာ‌‌တော်အရှင်သူမြတ်များနှင့် ဧည့်သည်တော်များက နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်‌တော့၍ ဖွင့်လှစ်ခဲ့ကာ ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်မှ လက်ခံရယူခဲ့ပြီးနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ပြီးနောက် ဆရာတော်မှ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ အလှူရှင်များသည် ယနေ့ နံနက်ပိုင်း၌ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ဟိုင်းကြီးကျွန်းဒေသရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များအား ဆွမ်းသပိတ်လောင်းလှူခြင်း အခမ်းအနားကျင်းပခဲ့ရာ ဦးစွာ ဆရာတော်ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှမော်တင်စွန်းစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်း  ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ အလှူရှင်များသည် ဟိုင်းကြီးကျွန်းဒေသရှိ ကျောင်းတိုက်အသီးသီးမှ ဒေသခံ ဆရာတော် သံဃာတော် ၁၆၂ ပါးအား ဆွမ်းသပိတ် ၊ သင်္ကန်း၊ ထီး ၊ ဖိနပ် အစရှိ
သည့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူတော်ငွေများ လောင်းလှူခဲ့ကြပြီး ဆရာ‌တော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ လှူဒါန်းမှု အစုစုအား ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။

ဆက်လက်၍ မြတ်မော်တင် ဆံတော်ရှင်စေတီတော်၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း တည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ စေတီတော်ရင်ပြင်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ကုမ္ပဏီမှစေတီတော် ပုံစံငယ်နှင့် Power Pointတို့ဖြင့် ရှင်းလင်းတင်ပြရာ ဆရာတော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရင်ပြင်တိုးချဲ့ခြင်းနှင့်ပတ်သက်သည့်တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ 

ထို့နောက် မြတ်မော်တင်ဆံတော်ရှင်စေတီတော် ရင်ပြင်တော် တိုးချဲ့တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားအား ဆက်လက်ကျင်းပရာ ဆရာတော် ကြီးမှူး၍ မြတ်မော်တင်ဆရာတော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နယ်မြေခံရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန်၌ ပန္နက်တိုင်များ အသီးသီးစိုက်ထူပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီးနောက် ဆရာတော်အရှင်သူမြတ်များနှင့်တက်ရောက်လာသည့် ဧည့်သည်တော်များမှ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

29-Oct-2022