ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအား တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ရွှေခယ်သီရိအားကစားခန်းမ၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲအား ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးအနေဖြင့် ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တိုက်ရိုက်ဆွေးနွေးခွင့်ရမှာဖြစ်ပါကြောင်း၊ ကျောင်းအုပ် ဆရာကြီး၊ဆရာမကြီးများအနေဖြင့် ကျောင်းတစ်ကျောင်းအား ဦးဆောင်ဉီးရွက်ပြကြရသူများဖြစ်သဖြင့် စီမံခန့်ခွဲရေးသည်လည်း အရေးကြီးပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးကြရမည့် စီမံခန့်ခွဲမှု၊ သင်ကြားသင်ယူမှု၊ ဘဏ္ဍာရေးဆိုင်ရာ၊ စီမံကိန်းရေးဆွဲရေး ဆိုင်ရာများအား လက်တွေ့ကျကျ ဆွေးနွေး၍ ရလဒ်ကောင်းများထွက်ပေါ်လာစေရေး၊ လက်တွေ့အသုံးချနိုင်ရေး ဆွေးနွေးဆောင်ရွက် ကြရန်လိုပါကြောင်း၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေး၊ သင်ယူတတ်မြောက်စေရေး ဆရာကြီး၊ဆရာမကြီးများက ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြင်ပဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအဘက်ဘက်မှ ကြိုးစားဆောင်ရွက်ကြရန် လိုပါကြောင်း၊ ဆရာကြီးဆရာမကြီးများ အနေဖြင့် ယခုလိုစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ပြီး တိုင်းဒေသကြီးပညာရေးကဏ္ဍတိုးတက်မြင့်မားစေရေး၊ အသိပညာ အတတ်ပညာနှင့်ပြည့်စုံသည့် အနာဂတ်ခေါင်းဆောင် လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်”ပြောကြားခဲ့ကြောင်း သိရသည်။

27-Oct-2022