ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်နှင့် ဝါးခယ်မမြို့နယ်များရှိ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားများတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျှက် ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်နှင့် ဝါးခယ်မမြို့နယ်များ၌ ပြုလုပ်သော မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာရှိ တောင်သူဦးချစ်ထွေး၏ စိုက်ဧက (၃.၃)ဧက၌ စိုက်ပျိုးထားသော မှော်ဘီ-၂ အမျိုးအစား မိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧက စပါးအထွက်နှုန်းမှာအခြောက် (၁၀၂)တင်း ထွက်ရှိခဲ့ပါသည်။ 

ယင်းနောက် ကွင်းယားကြီးကျေးရွာ၌ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) ထည့်သွင်းစိုက်ပျိုးထားသည့် ဧက(၁၀၀)စံပြကွက်ရှိ တောင်သူဒေါ်သီတာ၏ စိုက်ဧက (၉)ဧက၌ စိုက်ပျိုးထားသော ဆင်းသုခအမျိုးအစား မိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧက စပါးအထွက်နှုန်းမှာ အခြောက်(၁၂၃.၆၉)တင်းထွက်ရှိခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွင်းယားကြီးကျေးရွာ၊ ရွှေကွင်းသာယာ ခန်းမ၌ ပြုလုပ်သည့် ဆောင်းသီးနှံနေကြာမျိုးစေ့ ပေးအပ်ပွဲသို့ တက်ရောက်၍ တောင်သူ(၈၁) ဦးထံသို့ ရေဆင်း-၁ နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာရှိ ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ထည့်သွင်းစိုက်ပျိုးထားသည့် ဧက(၁၀၀)စံပြကွက်ရှိ တောင်သူ ဦးစလားသာ၏ စိုက်ဧက(၈)ဧက၌ စိုက်ပျိုးထားသော ဆင်းသုခအမျိုးအစား မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ  တစ်ဧက စပါးအထွက်နှုန်းမှာ အခြောက်(၁၂၀.၉၀)တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။

27-Oct-2022