ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်၊ MSMEs လုပ်ငန်းကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အိမ်တွင်းမှုအဆင့်မြင့်စက်ချုပ်သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဒေသအတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေတာဖြစ်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေပေးရမှာဖြစ်ကြောင်း၊ လူစွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ယခုလိုသင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းအသီးသီးမှ သင်တန်းဆင်း သင်တန်းသူ (၁၃၆၅)ဦးရှိရာ အလုပ်အကိုင်ရရှိသူ (၆၉၄)ဦးရှိသည့်အတွက် (၅၀.၈၄%) ရှိကြောင်း၊ သင်တန်းတွင် အခြေခံမှစ၍ စနစ်တကျကျွမ်းကျင်တက်မြောက်စေရန် အချိန်ယူပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိရာ သင်တန်းဆင်းသည်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုအတွက် ဝင်ငွေရရှိစေမှာဖြစ်ကြောင်း၊ သင်တန်းကျောင်း အနေဖြင့် သင်တန်းသူများ နေထိုင်စားသောက်ရေးမှစ၍ ပြည့်ပြည့်စုံစုံ ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် လုပ်ငန်းကျမ်းကျင်မှုရှိစေရန် ကြိုးကြိုးစားစား သင်ယူကြရန် လိုကြောင်း၊ မိမိတို့ထုတ်လုပ်လိုက်တဲ့ထုတ်ကုန်များကိုလည်း ဆန်းသစ်နေအောင်ဆောင်ရွက်ရန် လိုကြောင်း၊ သင်တန်းကာလအတွင်း ကိုဗစ်-၁၉ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စနစ်တကျပြုမူနေထိုင်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်ခင်အိမွန် မှ လက်ခံရယူခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသူများအား  ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ပြီးနောက် အခမ်းအနားတွင်ခင်းကျင်းပြသထားသော သင်တန်းသုံး သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခု အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)သို့ သင်တန်းသူ (၃၅)ဦး တက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ ရက်သတ္တ(၂၁)ပတ် ကြာမြင့်မည်  ကြောင်းသတင်းရရှိသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ပေါက်ကုန်းကျေးရွာအုပ်စုရှိ MSMEsလုပ်ငန်းဖြစ်သည့် ရွှေပျား ပဲငံပြာရည်နှင့် ငရုတ်ဆီစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ စက်ရုံမှ ထုတ်လုပ်လျက်ရှိသော ငရုတ်ဆီ၊ ခရုဆီ၊  ရှာလကာရည်၊ ပဲငံပြာရည် (အကြည်/အနောက်)ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ကုန်ကြမ်းသိုလှောင်ထားရှိမှု၊ အသုံးချမှုတို့အား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အဆင့်မီစက်ပစ္စည်းများ အသုံးပြုထုတ်လုပ်နိုင်သဖြင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတစေပါကြောင်း၊ ထုပ်ပိုးမှုစနစ် ပိုမိုကောင်းမွန်ပြီးဈေးကွက် ပိုမိုရရှိစေရန် အလေးထားဆောင်ရွက်ရန် မှာကြားသည်။ အဆိုပါစက်ရုံ၌ ဝန်ထမ်းနှင့်လုပ်သား စုစုပေါင်း ၅၀ ဦးခန့် အလုပ်အကိုင်အခွင့်အလမ်းရရှိကြောင်း သိရသည်။

25-Oct-2022