ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မော်တင်ကော်ဖီစိုက်ခင်း ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယနေ့မွန်းလွဲပိုင်းတွင် ငပုတောမြို့နယ်၊ ကွင်းချောင်းကျေးရွာအုပ်စုရှိ မော်တင်ကော်ဖီစိုက်ခင်းအား သွားရောက်ကြည့်ရှုလေ့လာခဲ့ရာ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Myanmar Agri-Tech Ltd မှ တာဝန်ရှိသူများက လိုက်လံရှင်းလင် ပြသခဲ့ကြသည်။

အဆိုပါ မော်တင်ကော်ဖီစိုက်ခင်းသည် ဧရိယာဧက (၃၁၀)ကျယ်ဝန်းပြီး ၂၀၁၄ ခုနှစ်မှစ၍ Robusta(TR4/TR9)(ဗီယက်နမ်မျိုး) တစ်ဧကလျင် ကော်ဖီပင် ၄၃၅ ပင် စိုက်ပျိုးထားကြောင်း၊ အပင်သက်တမ်း ၃ နှစ်ကျော်ချိန်မှ စတင်၍ အသီးမှည့် ခူးဆွတ်လာခဲ့ရာ နှစ်စဉ် တိုးတက်လာခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင်လည်း ကော်ဖီအသီးမှည့် ကီလိုဂရမ် ၁၂၀၀၀၀ ခန့် ဆွတ်ခူးရရှိနိုင်မည်ဟု ခန့်မှန်းကြောင်းနှင့် ရေမြေရာသီဥတုနှင့်ကိုက်ညီသော မျိုး၊ မြေဩဇာ၊ ဆေးဝါးသုံးစွဲမှု၊ ရေလိုအပ်မှုနှင့် ပျိုးခြံတွင် ပျိုးထောင်မှုတို့အားရှင်းလင်း တင်ပြခဲ့သည်။ အဆိုပါ မော်တင်ကော်ဖီစိုက်ခင်း၌ ဝန်ထမ်း ၂၁ ဦးနှင့် လုပ်သားဦးရေ ၁၀၀ ကျော်အား အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားပြီး ကော်ဖီအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

24-Oct-2022