(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့ညနေပိုင်းတွင် နေပြည်တော်မှ ပုသိမ်မြို့သို့ပြန်ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက ပုသိမ်တက္ကသိုလ် မုဒ်ဦးတွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းဝင်များအား ပန်းစည်းများ၊ ပန်းကုံးများဖြင့်ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကာ ပြိုင်ပွဲဝင်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ 

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအဆို၊ အက၊ အရေး၊ အတီး အသင်းဝင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ  ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲကို အဆင့်မီမီပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ၂၂ ကြိမ်မြောက်ပြိုင်ပွဲထက် ပိုမိုအောင်မြင်စေရေး ရည်ရွယ်၍ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများအဆင့်ဆင့်ပြုလုပ်၍ အရည်အချင်းပြည့်ဝသည့် ပြိုင်ဝင်များရွေးချယ်၍ စနစ်တကျစခန်းသွင်းလေ့ကျင့်ခဲ့ပြီး လိုအပ်သည်များပံပိုးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် အင်အားအပြည့်ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုများရရှိစေရေး  သက်ဆိုင်ရာကော်မတီများ၊ အုပ်ချုပ်သူများမှ ကြိုးစားဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ နောင်နှစ်ပြိုင်ပွဲများတွင် ယခုထက်ပိုမိုအောင်မြင်စေရေး မျိုးဆက်သစ် အနုပညာများ၊ ရွက်ပုန်းသီးအနုပညာရှင်များရှာဖွေမွေးထုတ်ကြရမှာဖြစ်ပါကြောင်း၊ အခြေခံပညာမှစ၍ အဆင့်မြင့်ပညာ၊ ဝါသနာရှင်အဆင့်ဆင့်ရှိ အနုပညာရှင်များစဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေးဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယခုကဲ့သို့အောင်မြင်မှုများရရှိအောင် ကြိုးစားခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ အသင်းနည်းပြအုပ်ချုပ်သူများ၊ ပညာရှင်များနှင့် ကူညီဆောင်ရွက်ပေးကြသူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်နှစ်ပြိုင်ပွဲများတွင် ယခုထက်ပိုအောင်မြင်မှုများရရှိစေရေး၊ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန်”ပြောကြားခဲ့ပါတယ်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းမှ ဘာသာရပ်အလိုက် ပညာရှင်ကြီးများနှင့် အသင်းနည်းပြအုပ်ချုပ်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ငွေအားလည်းကောင်း၊ ပထမဆုရရှိခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုချီးမြှင့်ငွေများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးမှ ပထမဆုနှင့်ဒုတိယဆုရရှိခဲ့သူများအားလည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများနှင့် အသင်းအုပ်ချုပ်နည်းပြများ၊ ပြိုင်ပွဲဝင်အသင်းသားများအားဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။

ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းတာဝန်ခံ တိုင်ရင်းသားရေးရာဝန်ကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများမှ ပြန်လည်ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး (ဗဟိုအဆင့်) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် စုစုပေါင်း(၁၉၃)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု၁၅ဆု၊ ဒုတိယဆု၁၈ဆု၊ တတိယဆု၁၅ဆု၊နှစ်သိမ့်ဆု ၉ဆု စုစုပေါင်း ၅၇ ဆုနှင့် အထူးဆု ၁ဆု ဆွတ်ခူးရရှိခဲ့ပါသည်။

20-Oct-2022