ပုသိမ်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းဆင်းပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးဖွင့်လှစ်သည့် ပုသိမ်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းအမှတ်စဉ် (၅/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ညနေပိုင်းက တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ခရိုင်အဆင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းပေးခြင်းကို  ပထမအသုတ်အနေဖြင့်သင်တန်းသား/သူ (၂၀၅)ဦးသင်တန်းဆင်းပေးခဲ့ပြီး ယခုအခါ ဒုတိယအသုတ်အနေဖြင့် ပုသိမ်ခရိုင်တွင် သင်တန်းသား/သူ (၁၁၅) ဦး၊ ဟင်္သာတခရိုင်တွင် သင်တန်းသား/သူ (၄၀) ဦးနှင့်မြောင်းမြခရိုင်တွင် သင်တန်းသား/သူ (၄၃)ဦး၊ စုစုပေါင်း သင်တန်းသား/သူ (၁၉၈) ဦးအား အောင်မြင်စွာ သင်တန်းပေးနိုင်ခဲ့ပြီးဖြစ်၍ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊အရည်အချင်းပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် များကို လိုအပ်ချက်နှင့်အညီ မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များအနေဖြင့် တိုင်းဒေသကြီးအတွင်း ကျန်းမာရေးလိုအပ်ချက်ရှိသည့်နေရာဒေသများရှိ ပြည်သူများအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် မိမိတို့သင်ယူတတ် မြောက်ထားသည့် ပညာရပ်များအား လက်တွေ့နှင့်စာတွေ့ပေါင်းစပ်၍ ပြည်သူများ အားကိုးရသည့် ကျန်းမာရေးဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းလိုပါကြောင်း”ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  သင်တန်းတွင် ထူးချွန်ဆုရရှိသူများအားဆုချီးမြင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား၊ သင်တန်းသူများ၏ကိုယ်စား သင်တန်းသားတစ်ဦးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း  သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား၊သင်တန်းသူများ၏ကိုယ်စား သင်တန်းသူတစ်ဦးတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။

19-Oct-2022