ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းကပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် အရေးကြီး လုပ်ငန်းတစ်ခုဖြစ်သည့် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း (၁၀-၃-၂၀၂၂) ရက်နေ့တွင် စတင်ခဲ့ပြီး မြို့နယ်(၂၆) မြို့နယ်လုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ စိစစ်ပြီးမဲဆန္ဒရှင် စာရင်းများကိုလည်း သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက လစဉ် Update ဖြစ်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးခွင့်ရရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ရှိဖို့လိုပါကြောင်း၊ သက်ဆိုင်ရာဌာနများက မဲဆန္ဒရှင်ပြည်သူများ ပုံစံ (၆၆/၆) ရရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးတို့ကို စိစစ်ဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါကြောင်း၊တိုင်းဒေသကြီးမှလည်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက် ခဲ့ပါကြောင်း၊ စာရင်းသွင်းသူနှင့် မှတ်တမ်းတင်သူလွဲမှားမှုမရှိစေရေးအတွက် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေးတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်ဆောင်ရွက် ပေးရန်နှင့် စစ်ဆေးကြပ်မတ်ရန်လည်းလိုပါကြောင်း၊ အဆင့်ဆင့်တာဝန်ယူမှု တာဝန်ခံမှုဖြင့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ လိုအပ်ချက်မရှိအောင် အဆင်ပြေအောင် အလေးထားဆောင်ရွက်ကြဖို့မှာကြားလိုကြောင်း၊ ယခုဆောင်ရွက်လျက်ရှိတဲ့ မဲစာရင်းများပြည့်စုံမှန်ကန်စေရေးစိစစ်ခြင်းနှင့် မဲရုံများလျာထားသတ်မှတ်ခြင်းကိစ္စရပ်များတွင် တာဝန်ရှိကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့နှင့်အခက်အခဲရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အချိန်နှင့်တစ်ပြေးညီတင်ပြကြရန် လိုကြောင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ  ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိက လူဦးရေ စာရင်းပြင်ဆင်၊ဖြည့်စွက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများ လျာထားဆောင်ရွက်မှုတို့အား  ရှင်းလင်းတင်ပြခဲ့ ကြောင်းသတင်းရရှိသည်။

17-Jun-2022