၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပါသည်။ 

တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ နှစ်စဉ်အောက်တိုဘာလ ၁၃ ရက်နေ့တွင်ကျင်းပပြုလုပ်ရန်အတည်ပြုသတ်မှတ်ခဲ့ပါကြောင်း၊  ကမ္ဘာ့ကုလသမဂ္ဂက ၂၀၂၂ခုနှစ်၊အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားအတွက်  “Early Warning and Early Action For All” “ကြိုတင်သတိပေးထုတ်ပြန်ချက်ဆောလျင်ဆောင်ရွက် အားလုံး အတွက်” ဟူသောဆောင်ပုဒ်ဖြင့်ကျင်းပပြုလုပ်သွားရန် သတ်မှတ်ခဲ့ပါကြောင်း၊ ဘေးအန္တရာယ်များအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့တွင် ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရန်စနစ်ကျသော၊ ပြည့်စုံသော ကြိုတင်ပြင်ဆင်မှုသည်အဓိကဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် ဘေးအန္တရာယ်လျှော့ချရေး ကြိုတင်ဆောင်ရွက်ထားရှိမှုသည် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေနဲ့ ၂၀၂၂ ခုနှစ်၊ မက်လ ၂၁/၂၂ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းငယ်အတွက် ကြိုတင်သတိပေးချက်တွေကို (၂)ရက်ခန့် ကြိုတင်သတိပေးနိုင်ခဲ့ပြီး တဆက်တည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့သည့်အတွက် အသက်အန္တရာယ်ထိခိုက်မှုမရှိခဲ့ခြင်း၊ ငါးဖမ်းလှေများ တိမ်းမှောက်ခြင်း၊ ပျက်စီးမှု မရှိခဲ့ခြင်းအပြင် သားငါးကဏ္ဍ၊ ဆားလုပ်ငန်းတွေလည်းထိခိုက်ဆုံးရှုံးမှု မရှိခဲ့ခြင်းအားဖြင့် ယခုနှစ်သဘာဝဘေးဆောင်ပုဒ်ရဲ့ အရေးပါမှုကို တွေ့ရမှာဖြစ်ပါကြောင်း၊ စနစ်ကျသော ဖွံ့ဖြိုးတိုးတက်ရေးဟာ ဘေးအန္တရာယ်ရဲ့ထိခိုက်ဆုံးရှုံးနိုင်ခြေကိုလျော့ချနိုင်ခြင်း၊ အနိုင်ယူနိုင်ခြင်းအဖြစ် မြင်တွေ့ရမှာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်တဲ့အခါ ပထမဦးစွာ ထိခိုက်ဆုံးရှုံးမှုနည်းအောင် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အပိုင်းက ပိုအရေးကြီးပြီး ကြိုတင်ပြင်ဆင်ခြင်းအပိုင်းမှာလည်း ကြိုတင်သတိပေးစနစ်နဲ့ ကြိုတင်ပြင်ဆင်ခြင်းစနစ်က လွန်စွာကောင်းရမယ်၊အချိန်မီသိ၊ အချိန်မီဆောင်ရွက် တုံ့ပြန်နိုင်မှသာကျရောက်လာတဲ့ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် Head of UNDRR( ကုလသမဂ္ဂ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဌာန အကြီးအကဲ) Ms. Mizutori (မစ္စစ် မီဇူတိုရီ)မှ ပြောကြားသည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ်သတင်းစကား Video Clip နှင့် အပြည်ပြည်ဆိုင်ရာသဘာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ်Video Clip ပြသမှုတို့အားကြည့်ရှုခဲ့ပြီး အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ် ပြခန်းများအားလှည့်ကြည့်ရှုအားပေးခဲ့ပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေပြည်တော်တွင်ကျင်းပပြုလုပ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာပြခန်းတွင် ပြသနိုင်ရန်အတွက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ တင်ပြဆောင်ရွက်နိုင်ရေး လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဇင်ရွဲလေးကျေးရွာတွင် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်နေမှုများကို တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး Command and Control Centerတွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

13-Oct-2022