တိုင်းဒေသကြီးအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (တတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (တတိယအကြိမ်) ညှိနှိုင်းအစည်းအဝေးအား ယနေ့ညနေပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က"နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီမှ ချမှတ်ပေးသော မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကမ်းရိုးတန်းသယံဇာတများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ စုစည်းရန်၊ ကမ်းရိုးတန်းဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်နှင့် သုတေသနစခန်းများထူထောင်ရန်နှင့် ဗဟိုကော်မတီနှင့်တိုင်းဒေသကြီးကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အလေးထားဆောင်ရွက်ကြရန်" ပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီးအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် သစ်တောဦးစီးဌာန၊ ကမ်း‌ခြေစောင့်တပ်ဖွဲ့ကိုယ်စားလှယ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲ့ရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများကဗဟိုကော်မတီနှင့် တိုင်းဒေသကြီးကော်မတီတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

28-Sep-2022