ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လောင်စာတောင့်စက်ရုံဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြို့နယ်၊ပိုးလောင်းအုပ်စု၊ညောင်ချောင်းလေးကျေးရွာရှိ SSBE(Myanmar) Group Company Limited ၏ လောင်စာတောင့်စက်ရုံဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစက်ရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်‌ အောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်,မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့သည်။

ဦးစွာ စက်ရုံအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားအားပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “လောင်စာတောင့်စက်ရုံ ဖွင့်လှစ်နိုင်သည့်အတွက် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် နှစ်စဉ် မိုးစပါး/နွေစပါး စိုက်ဧက ၅ သန်းကျော် စိုက်ပျိုးလျက်ရှိရာ စပါးခွံတန်‌ပေါင်း မြောက်မြားစွာ ထွက်ရှိပါကြောင်း၊ ​ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ယခုဖွင့်လှစ်​ပေးလိုက်သည့်စပါးခွံသုံး​လောင်စာ​တောင့်စက်ရုံ အပါအ၀င် စက်ရုံအကြီး/အ​သေး ၁၁ ရုံရှိပြီဖြစ်​ကြောင်း၊ ယခုစက်ရုံတွင် စပါးခွံသုံး ဘွိုင်လာတာဘိုင်(၂ မဂ္ဂါဝပ်)၂ လုံး တပ်ဆင်ထားပြီး အဆိုပါဘွိုင်လာတာဘိုင်ဖြင့် လျှပ်စစ်ဓာတ်ထုတ်လုပ်ပေးမည်ဖြစ်သဖြင့် စက်ရုံလည်ပတ်ရန်အပြင် ပိုလျံသည့် လျှပ်စစ်ဓါတ်အားဖြင့်ပတ်၀န်းကျင်​ကျေးရွာများသို့မီး​ပေးနိုင်မည်ဖြစ်​ကြောင်း၊ ထပ်မံ၍လည်း စပါးခွံသုံး ဘွိုင်လာတာဘိုင် ၁ လုံး တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ လောင်စာတောင့်စက်ရုံအနေဖြင့် လယ်ယာသုံးစွန့်ပစ်ပစ္စည်းများဖြစ်သည့် စပါးခွံနှင့်မြေပဲခွံတို့ကို အသုံးပြု၍ လောင်စာတောင့်ပြုလုပ်နေသည့်အတွက် နိုင်ငံ့၀င်ငွေတိုးစေသည့်အပြင် သဘာ၀ပတ်၀န်းကျင် ညစ်ညမ်းမှုကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ကျန်းမာရေးလူမှုရေး အစရှိသည့် CSRလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန်နှင့် ဒေသခံပြည့်သူများအားအလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးရန်”ပြောကြားသည်။

ထို့နောက် SSBE Co.Ltd၏ မန်နေးဂျင်းဒါရိုက်တာ မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကုမ္ပဏီရှင်းလင်းဆောင်၌ စက်ရုံလည်ပတ်မှုအခြေအနေများနှင့်ပတ်သက်၍  ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြပြီး‌နောက် စပါးခွံသုံးဘွိုင်လာတာဘိုင်အား စမ်းသပ်လည်ပတ်ရန် ဝန်ကြီးချုပ်မှ ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ဘွိုင်လာအတွင်းသို့ စပါးခွံ ထည့်၍ စွမ်းအင်ထုတ်ယူပုံနှင့် ယင်းမှ ထွက်ရှိသည့် အပူစွမ်းအင်အား တာဘိုင်သို့ပို့ဆောင်လျက် တာဘိုင်မှတစ်ဆင့် Generatorသို့ ပို့ဆောင်၍ လျှပ်စစ်ထုတ်ယူပုံ အဆင့်ဆင့်အားလည်းကောင်း၊ စက်ရုံအတွင်း လျှပ်စစ်ဖြန့်ဝေပေးပို့သည့် ထိန်းချုပ်ခန်းအားလည်းကောင်း၊ ရေငန်မှ ရေချိုသို့ ပြောင်းလဲ သန့်စင်စက်အားလည်းကောင်း၊ လောင်စာတောင့်ထုတ်လုပ်ရန် စပါးခွံနှင့် မြေပဲခွံများအား  အမှုန့်ကြိတ်ခြင်း၊ ရောနှောခြင်းနှင့် လောင်စာတောင့် ထုတ်လုပ်ခြင်းတို့၌ အသုံးပြုသည့်  စက်ကိရိယာများ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့အားလည်းကောင်း လှည့်လည်ကြည့်ရှုကာ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီးနောက် စက်ရုံဝန်ထမ်းများနှင့်ရင်းနှီးစွာ‌တွေ့ဆုံခဲ့‌ကြောင်း သိရသည်။

27-Sep-2022