၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ဂုဏ်ထူးဆောင်/ထူးချွန်ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဂုဏ်ပြုချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၂ခုနှစ်“ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့်ဂုဏ်ထူးဆောင်/ထူးချွန်ဆုရရှိသူများအားဂုဏ်ပြုပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ နယ်မြေခံလေတပ်စခန်းဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပြည်သူလူထုအကျိုးအား ဆောင်ရွက်ပေးနေကြသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း ကဏ္ဍသည်အလွန်အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊‌ ရှေးဦးပြုစုပေးခြင်းဖြင့် လူနာ၏ထိခိုက်ဒဏ်ရာနှင့် နာကျင်ခံစားမှုများအား လျော့နည်းသက်သာစေပြီး အသက်ရှင်သန်စေရန် အခွင့်အလမ်းများ ပိုမိုရရှိစေမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် အကူအညီလိုအပ်သူများအတွက် အကူအညီများပေးခြင်း ၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုး ကြုံတွေ့မှုများတွင် ကူညီပေးခြင်း၊ စေတနာသွေးလှူရှင်လုပ်ငန်းများနှင့် အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက် ပေးလျက်ရှိခြင်းစသော လူမှုကရုဏာ အကူအညီများကို ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့ခြင်းများအတွက် ကျေးဇူးတင်ပါကြောင်းနှင့်ဆက်လက်၍ စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ ၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့  ယခုနှစ်ဆောင်ပုဒ်ဖြစ်သော “ ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာသင်ယူပါ” "Lifelong First Aid Learning"အတိုင်း လူမှုအသိုင်းအဝိုင်းအတွင်း လူသားချင်းစာနာမှုကို အခြေခံသောရှေးဦးပြုစုခြင်း အလေ့အကျင့်ကောင်းများဖြင့် နိုင်ငံ့အကျိုးပြု၊ တိုင်းဒေသကြီး အကျိုးပြု၊ ပြည်သူ့အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို ရှေးဦးပြုစုခြင်း အတတ်ပညာရပ်များ သင်ယူကြပြီး ယခုထက်ပိုမို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သွားကြရန်တိုက်တွန်းပါကြောင်း”ပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် မှတ်တမ်း Videoပြသသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံကြက်ခြေနီအသင်းကချီးမြှင့်သည့် ရှေးဦးပြုစုခြင်းဆိုင်ရာ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးဆုရရှိခဲ့သည့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအား ထပ်ဆင့်ဂုဏ်ပြုဆုနှင့် အကြိမ် (၆၀) နှင့်အထက် စေတနာသွေးလှူရှင်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဂုဏ်ထူးဆောင် အမှုဆောင်နှင့် ဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား နယ်မြေခံလေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ရှေးဦးပြုစုခြင်းဖြင့် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည့်တပ်ဖွဲ့ဝင်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအားလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ကလည်း‌ကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်ပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

25-Sep-2022