ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၆ နှစ်အောက် အမျိုးသား‌ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင်အသက်၁၆နှစ်အောက် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့ ညနေပိုင်းတွင် ကိုးသိန်းဘောလုံးအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ဘောလုံးဝါသနာရှင် ပြည်သူများတက်ရောက်ကြည့်ရှုအားပေးသည်။

ဗိုလ်လုပွဲတွင် ဘောလုံးအကယ်ဒမီအသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ခရိုင်အသင်းက‌ ဘောလုံးအကယ်ဒမီအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားအားပြုလုပ်ရာ ဆုရရှိသည့်ခရိုင်များမှ အားကစားသမားများက နေရာယူကြပြီး ဒုတိယဆုရရှိသည့် ဘောလုံးအကယ်ဒမီအသင်းမှ အားကစားသမားများအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှအားကစားသမားများအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်းအသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား ဂုဏ်ပြုဆုဖလားချီးမြှင့်ပေးခဲ့သည်။အဆိုပါဘောလုံးပွဲအားယခုလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိကျင်းပခဲ့ကြောင်းသိရသည်။

24-Sep-2022