ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ်၊ မြို့၊ ရပ်ကွက်၊ကျေးရွာများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) လုပ်ကိုင်လည်ပတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်ဦးရပ်ကွက်ရှိ လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီမြတ်ကြီး ပရဝဏ်အတွင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအားကြည့်ရှု စစ်ဆေးပြီး အမှိုက်နှင့်ခြုံနွယ်များနေ့စဉ်ရှင်းလင်းဆောင်ရွက်ရေးနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့အားမှာကြားသည်။ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဂင့်ချွန်မုန့်လုပ်ငန်း၊ ဂွတ်ရှယ် ကြက်အူချောင်း၊ ဝက်အူချောင်းလုပ်ငန်း၊ ရွှေကညင်ပုသိမ်ထီးလုပ်ငန်း၊ ATW ကြက်စာ၊ဝက်စာလုပ်ငန်း၊ ပုသိမ် ကွန်ပျူတာပန်းထိုးစက်ရုံနှင့် ရွှေမြင်းပျံ ပုသိမ်ဟာလဝါလုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်လည်ပတ်မှုအခြေအနေများအား မေးမြန်းရာ တာဝန်ရှိသူများ၏ ဖြေကြားတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က စားသုံးကုန်များထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ရေး၊ဓာတုဆိုးဆေးများအသုံးမပြုရေး၊ပြည်သူများ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရေးအတွက်အလေးထားဆောင်ရွက်ရေး၊ပုသိမ်ထီးများကို ပြည်တွင်း ပြည်ပခရီးသွားများအတွက်ခိုင်ခံ့မှုနှင့်အရည်အသွေးကောင်းမွန်ရေးအလေးထားဆောင်ရွက်ရေး၊ဝက်စာ၊ကြက်စာများ ထုတ်လုပ်မှု လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရေး၊ပြည်တွင်းထုတ်ကုန်များအား ပြည်ပထုတ်ကုန်များနှင့်ယှဉ်ပြိုင်နိုင်သည်အထိ အရည်အသွေးကိုအဓိကထားဆောင်ရွက်ရေး၊တစ်လအတွင်းထုတ်လုပ်မှုအား စနစ်တကျမှတ်တမ်းထားရှိရေး၊စက်ရုံများတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေးတို့အားမှာကြားသည်။

ဆက်လက်၍  ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ “မြို့အင်္ဂါရပ်နှင့်အညီ လမ်းတိုင်း၊ရပ်ကွက်တိုင်းသန့်ရှင်းသာယာလှပရေးအား အလေးထားဆောင်ရွက်ရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် ပြည်သူများသန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေရေး စည်းရုံးရန်၊ တက္ကသိုလ်ဝင်စာမေးပွဲစနစ်ဟောင်းတွင် ဝင်ရောက်ဖြေဆိုသူများအနေဖြင့် စာသင်ဝိုင်း၊ စာဖတ်ဝိုင်းများသို့ ရောက်ရှိလာစေရေးဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်နှင့်ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံနိုင်ရေးကြပ်မတ်ရွက်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း စနစ်တကျမောင်းနှင်သွားလာနိုင်ရေးအတွက် နေ့စဉ်စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း”မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

24-Sep-2022