ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်းအစီအစဉ် (School Milk Programme)အခမ်းအနားတက်ရောက်

ပုသိမ်မြို့ ၊အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့မဉ္ဇူခန်းမတွင် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် Top Dairy Farm တို့ပူးပေါင်းဆောင်ရွက်သည့် ကျောင်းနေအရွယ်ကလေးများ နွားနို့တိုက်ကျွေးခြင်းအစီအစဉ် (School Milk Programme)အခမ်းအနား ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်၊စေတနာရှင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ကျောင်းနေအရွယ်ကလေးငယ်များအာဟာရပြည့်ဝသည့်အစားအစာများစားသုံးခြင်းဖြင့် ဉာဏ်ရည်ဖွံံ့ဖြိုးခြင်း၊ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းကျန်းမာခြင်းများရရှိစေရန် အာဟာရပြည့်ဝသည့် နွားနို့သောက်သုံးခြင်းအလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် နမူနာပြဆောင်ရွက်သည့်အခမ်းအနားဖြစ်ပါကြောင်း၊ ကလေးငယ်များသည် ငယ်စဉ်ကပင် အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်းဖြင့် ကျန်းမာကြံံ့ခိုင်ပြီးဉာဏ်ရည်ဖွံ့ဖြိုးတဲ့ မျိုးဆက်သစ်လူငယ်များကိုမွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ နွားနို့တွင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သည့် ဗီတာမင်၊ ကယ်(လ်)စီယမ်၊ အသားဓာတ်၊ သကြားဓာတ်၊ အဆီဓာတ်၊ သတ္ထုဓာတ်များစွာပါဝင်ပြီး အရိုးအဆစ်နှင့်သွားများခိုင်မာခြင်း၊ ကိုယ်ခန္ဓာကြီးမားဖွံ့ဖြိုးခြင်း၊ ခွန်အားရရှိစေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက်မြတ်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တည်ဆောက်ရန်အတွက် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်၍ အခြေခံပညာကျောင်းများရှိ ကျောင်းနေအရွယ်ကလေးများ နွားနို့တိုက်ကျွေးခြင်းအစီအစဉ် (School Milk Programme)သည် များစွာအကျိုးရှိပါကြောင်းနှင့် ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေးသက်ဆိုင်ရာဌာနဆိုင်ရာများမှကြိုးစားပေးစေလိုပါကြောင်းနှင့် ကလေးငယ်များအာဟာရပြည့်ဝပြီးဉာဏ်ရည်ဖွံ့ဖြိုးကြီးထွား စေရန်အတွက် ကြက်ဥနှင့်နွားနို့များတိုက်ကျွေးနိုင်ရေးပူးပေါင်းဆောင်ရွက်ပေးကြပါသော မွေးမြူရေးလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များနှင့်ဌာနဆိုင်ရာများအားကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အခမ်းအနားတက်ရောက်လာကြသူများမှ အမှတ်(၁၁)အ ခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းကျောင်းသားကျောင်းသူ (၄၆၀)ဦးအား နွားနို့နှင့်ကြက်ဥများတိုက်ကျွေးခဲ့ကြပါသည်။

21-Sep-2022