ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် မန်းဂျော်နီသည် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင် ရဟန်း၊ သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်တော်နှင့် ပညာဒါနကောင်းမှုကုသိုလ်တော် ဆက်ကပ်လှူဒါန်းပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် မန်းဂျော်နီသည် (၈.၃.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ဝိသာခါ၊ ဒေါ်လှယဉ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သော ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင် ရဟန်း၊ သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်တော်နှင့် ပညာဒါနကောင်းမှုကုသိုလ်တော် ဆက်ကပ်လှူဒါန်းပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ခြင်း၊ လေးမျက်နှာကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌ မဟာသဒ္ဓမဇောတိကထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မြို့နယ့သံဃနာယကအဖွဲ့ဥက္ကဌ မဟာသဒ္ဓမဇောတိကမှ သြဝါဒကထာ မြွက်ကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့၊ ပုသိမ်ဆွမ်းလောင်းအသင်း ဒုတိယဥက္ကဌမှ စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် စာမေးပွဲများတွင် ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြလျှောက်ထားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော် အရှင်သူမြတ်တို့အား လေးမျက်နှာကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက နာယက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌ မဟာသဒ္ဓမဇောတိကမှ အောင်လက်မှတ်တော်များအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့မှ ပညာဒါနကောင်းမှုကုသိုလ်တော် အလှူငွေများအားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌမှ လှူဒါန်းမှုအစုစုအား အနုမောဓနာတရား ဟောကြားချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပတ္ထနာပြုခဲ့ပါသည်။

08-Mar-2017