ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည်ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများကြိုဆိုပွဲနှင့် ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းအချိန်တွင်  ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများကြိုဆိုပွဲတက်ရောက်ခဲ့ပါသည်။

ဦးစွာ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများမှ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကြိုဆိုအမှာစကားပြောကြားရာ" ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးနှင့်ရင်းနှီးမြှုပ်နှံရမှဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆရာ၊ဆရာမများဖြစ်လာကြရန်အတွက် သင်တန်းများပို့ချပေးခြင်းဖြစ်ပြီး လက်တွေ့နယ်ပယ်တွင်ဆက်လက်လေ့လာသင်ယူကြရမှာဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် ပညာလည်းသင်လူကိုလည်းပြုပြင်ပေးကြရန်၊ လောကကို ပညာဖြင့်အလှဆင်သူများ ဖြစ်ကြရန်၊ လောကကိုဂရုဏာဖြင့်ဖြေဖျောက်သူများဖြစ်ကြရန်၊ အများအကြိုးကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တက်သူများဖြစ်ကြရန်၊စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့်နာသုံးနာအပြင် ဆရာ၊ဆရာမ များ၏စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားရေးအတွက်အစဉ်လေ့လာသင်ယူနေကြသည့် ထာဝရကျောင်းသားကြီးများဖြစ်ကြရန် ၊ကျောင်းသူ၊ သားများ၏ အတုယူစရာ စံနမူနာပြများ ဖြစ်စေရေး ဆရာကျင့်ဝတ်နှင့်အညီ ပြုမှုနေထိုင်ကြရန်၊ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ဆရာမများ​ဖြစ်စေရေးကြိုးစားကြရန် နှင့် သင်တန်းမှ သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူဆည်းပူးကြရန် မှာကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။

ယနေ့တွင် တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး ပညာရေးဒီဂရီကောလိပ်များတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများကြိုဆိုပွဲများဖွင့်လှစ်ခဲ့ကြပြီး ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားကျောင်းသူ ၁၀၄၉ဦး၊  မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားကျောင်းသူ ၃၉၂ဦးနှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားကျောင်းသူ ၅၆၂ဦး တက်ရောက်လျက်ရှိကြကာ ယခုလ (၁)ရက်နေ့မှအောက်တိုဘာလ (၃၁)ရက်နေ့အထိသင်ကြားပို့ချသွားမှာဖြစ်ကြောင်းသိရှိရသည်။ 

ဆက်လက်၍ ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများ၊ (၆)ခရိုင် အမျိုးသားဘောလုံးအသင်း အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ အားကစား သမားများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့်ယှဉ်ပြိုင်ကစားနိုင်ရေး၊ တိုင်းဒေသကြီးကိုယ်စားပြု  ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများကလည်း အားကစားသမားကောင်းပီသစွာ ဇွဲ၊ စိတ်ဓာတ်ကိုအရင်းခံ၍ အနိုင်မခံအရှုံးမပေးယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ အားကစားအဆင့်အတန်းပိုမိုမြင့်မားလာစေရေး ရာသီအလိုက်၊ သက်တမ်းအလိုက်၊ အခြေခံပညာအလိုက်၊ အဆင့်မြင့်ပညာအလိုက်စသည် အားကစားပွဲများကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ဘောလုံးအားကစားသည် ခွန်အားနဲ့ဉာဏ်ရည်ကို စနစ်တကျ မှန်ကန်စွာလှုပ်ရှားရမှု၊ ဇွဲရှိမှု၊ ယှဉ်ပြိုင်မှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊စိတ်ဓာတ်ကြံ့ခိုင်မှု စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် ယှဉ်ပြိုင်ကစားရခြင်းဖြစ်တာကြောင့် မိမိဒေသရဲ့ဂုဏ်သတင်းကိုအားကစားဖြင့် မြှင်တင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် မိမိတို့၏ တိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြား၍ ၂၀၂၂ခုနှစ်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်ယှဉ်ပြိုင်ကစားကြသည့် ဘောလုံးအကယ်ဒမီ(ပုသိမ်)အသင်းနှင့် ဖျာပုံခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို (ပုသိမ်၊ ဟင်္သာတ၊မြောင်းမြ၊မအူပင်၊ဖျာပုံ၊ လပွတ္တာ)ခရိုင်(၆)ခရိုင်နှင့် ဘောလုံးအကယ်ဒမီ(ပုသိမ်)၊စုစုပေါင်းအသင်း(၇) သင်းဖြင့် ၁၅.၉ ၂၀၂၂ရက်နေ့မှ၂၄ .၉.၂၀၂၂ ရက်နေ့အထိကျင်းပပြုလုပ် သွားမှာ ဖြစ်ကြောင်းသိရှိရပါသည်။

15-Sep-2022