ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အမှတ် (၁၈၁) ပုသိမ်-ဟင်္သာတ-ကြံခင်း (အဆန်)အမြန်ရထားခရီးစဉ်ပြန်လည်ပြေးဆွဲခြင်းအခမ်းအနားတက်ရောက်ဖွင့်လှစ်

အမှတ် (၁၈၁) ပုသိမ်-ဟင်္သာတ-ကြံခင်း (အဆန်) အမြန်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက်က ပုသိမ်မြို့၊ ပုသိမ်ဘူတာတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ခရီးသွားပြည်သူများတက်ရောက်ကြပါသည်။ 

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံသာရည်များဖြန်းပတ်ပေးခဲ့ကာ ရထားစီး ခရီးသွားပြည်သူများကိုရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက်  နံနက်(၆)နာရီတွင် ရထားစတင်ထွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်ဘူတာမှ ဂုံမင်းဘူတာအထိလိုက်ပါစစ်ဆေးခဲ့ကြပါသည်။ အလားတူအမှတ် (၁၈၂)ကြံခင်း-ဟင်္သာတ- ပုသိမ်(အစုန်)အမြန်ရထားခရီစဉ်ကိုလည်းကြံခင်းဘူတာမှ နံနက်(၆)နာရီတွင်စတင်ထွက်ခဲ့ကြကာ ခရီးသွားပြည်သူများစိတ်အေးချမ်းသာစွာလိုက်ပါစီးနင်းခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာလေးကျေးရွာသို့ဆက်သွယ်ထားသည့် ကျုံလမုချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ)တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်၍ စတီးလက်ရန်းများတပ်ဆင်နိုင်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျဆောင်ရွက်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။

11-Sep-2022