ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု အထည်ချုပ်လုပ်ငန်းနှင့်တည်ဆောက်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် အထည်ချုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းခွင်များအားကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ပေါ်လမ်း ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ  ၁၇၀၀ပေ×၈ပေ× ၆ လက်မထုရှိသော ကွန်ကရစ်လူသွားလမ်းအား စည်ပင်သာယာရေးအဖွဲ့မှဖော်ဆောင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အောက်ခံမြေသားအမာခံရရှိအောင်ဖိကြိတ်ရန်နှင့်လမ်းအရည်အသွေးကောင်းမွန်စေရေးဆောင်ရွက်ရန်၊ တက္ကသိုလ်ဝန်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့အား မှာကြားသည်။

ယင်းနောက် ပုသိမ်တက္ကသိုလ်စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် စာကြည့်တိုက်အတွင်းရှိ Subject Room၊ Reading Room၊Reference Room၊ Computer Room၊Meeting Roomများသို့လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာအုပ်စာစောင်များ မပျောက်ပျက်စေရန်၊ ပြသထားသည့် ရှေးဟောင်းအမွေအနှစ် ပစ္စည်းများအား ဂရုတစိုက် ထိန်းသိမ်းထားရှိရန်၊ နေ့စဉ်ထုတ် သတင်းစာများအား ခုနှစ်အလိုက် စာအုပ်ချုပ်ပြီးစနစ်တကျမှတ်တမ်းထားရှိရန် မှာကြားခဲ့သည်။

ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နိဂြောဓာလမ်း၊ကမ်းနားလမ်း၊ဘန့်ဘွေးကုန်းလမ်းများတွင် ဌာနဆိုင်ရာများ၊စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ‌တူးဖော်နေမှုများ၊ ရေမြောင်းများအတွင်း ပလတ်စတစ်များ၊အမှိုက်များပိတ်ဆို့မှု မရှိစေရေးတို့အတွက် ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးဦးစီးဌာန၊ သရောင်းချောင်းစိုက်ပျိုးရေးခြံ၊ ပေါ်ဆန်းမွှေး(၂)ဧက မျိုးသန့် မျိုးစပါးထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပိုးမွှားများမကျရောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေး၊မျိုးသန့်စပါးထုတ်လုပ်မှု အထွက်နှုန်းတိုးတက်စေရေးအလေးထားဆောင်ရွက်ရန်မှာကြားပြီး ပုသိမ်စက်မှုမြို့တော်ရှိ SX SHUANG XI Co.,Ltdနှင့် Ventd'Est Pathein Clothing Co.,Ltdများသို့သွားရောက်၍ အထည်ချုပ်လုပ်ငန်း ဆောင်ရွက်မှု အဆင့်ဆင့်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံ၊အလုပ်ရုံ လုပ်သားများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပြီးစီးရေး၊ ဒေသအတွင်းရှိပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး၊ အလုပ်ခွင်၊အလုပ်ချိန်၊အလုပ်ခွင် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခံစားခွင့် အပြည့်အဝရရှိစေရေးနှင့်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရေး တို့အား မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက်  Green Land City Project အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်သည့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်များနှင့်အညီ အလေးထားဆောင်ရွက်စေရေး၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသောကာလများတွင် အချိန်မီပြီးစီးစေရေး လမ်းညွှန်မှာကြားသည်။

ယင်းနောက်  ပုသိမ်မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့ရှောင်လမ်း ၄မိုင်၇ဖာလုံ အား လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှူးက တာဘောင်တိုးချဲ့ခြင်း၊ကွန်ကရစ်လမ်းချဲ့ရန်မြေတူးခြင်း၊ထုအခြေခံလွှာခင်းခြင်း၊ သဲကြပ်ခြင်းအစရှိသည့်လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေး၊ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

30-Jul-2022