တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်ပေးပွဲအခမ်းအနားကျင်းပ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊တိုင်းရင်းသားပုံပြပုံပြင်စာအုပ်ပေးပွဲအခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသူတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတို့တိုင်းဒေသကြီးသည် ရှေးယခင်ကပင်တိုင်းရင်းသားလူမျိုးစုံစွာ ချစ်ကြည်ရင်းနှီးစွာအတူတကွ နေထိုင်လာခဲ့ပါကြောင်း၊ တိုင်းရင်းသားတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့်ဘာသာစကားတိို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုတို့ကိုပိုမိုရရှိစေရန် ရည်ရွယ်၍ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များဖြန့်ဝေပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉) ရပ်အနက် လူမှုရေးဦးတည်ချက်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကိုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးတည်ချက်ဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အဓိကကဏ္ဍတစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ၂၀၁၇-၂၀၁၈၊  ပညာသင်နှစ်ကစ၍ စကောကရင်၊ ပိုးကရင်၊ အရှိုချင်းနှင့် ရခိုင် တိုင်းရင်းသားဘာသာစာပေသင် Teaching Assistant(TA)၊ Language Assistant(LA)ဆရာ၊ဆရာမများခန့်ထားပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှာရှိကြတဲ့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများအနေဖြင့် မိမိတို့ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် တိုင်းရင်းသားအားလုံးတို့၏ စုစည်းချစ်ကြည်ညီညွတ်တဲ့စွမ်းပကားများနဲ့ မိမိတို့တိုင်းဒေသကြီးတစ်ခုလုံးအေးချမ်းသာယာပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းကိုယ်စားလှယ်များသို့ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များအသီးသီးပေးအပ်ခဲ့ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ခင်းကျင်းပြသထားသည့်တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု သမိုင်းမှတ်တမ်းစာအုပ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဝတ်စားဆင်ယင်မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်ပေးအပ်ခြင်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (၁) ကြိမ်၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် (၁) ကြိမ်ဖြန့်ဝေပေးခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စကောကရင်၊ ပိုးကရင်၊ အရှိုချင်း၊ ဗမာ၊ မွန်နှင့်ရခိုင် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်ပေါင်း (၁၀၆၄၀၀) ကျော်ကိုပေးအပ်သွားမှာဖြစ်ကြောင်းသိရှိရပါသည်။

27-Jul-2022