ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ မိမိတို့တိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းမိုင်ရှည်လျားသောကြောင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတများပေါကြွယ်ဝပြီး ထိုသယံဇာတများပျက်စီးဆုံးရှုံးမှုမရှိစေရေးအလေးထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မုန်တိုင်း တိုက်ခတ်မှု များကြောင့် ဖြစ်ပေါ်သည့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ သည် ဒီရေတောများ ပျက်စီးဆုံးရှုံးမှုနှင့် သက်ဆိုင်သဖြင့် ဒီရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများစနစ်တကျဖွဲ့စည်းခြင်းနှင့် ဒီရေတောပင်နှင့်လေကာပင်များနှစ်စဉ်တိုးချဲ့စိုက်ပျိုးရန်လိုပါကြောင်း၊  ဒီရေတောများပျက်စီးဆုံးရှုံးမှု၊  ငါးသယံဇာတအပါအဝင် သန္တာကျောက်တန်းများ ပျက်စီးဆုံးရှုံးမှုများသည် လူတို့၏ ပြုမူဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသော တိုင်းဒေသကြီးတစ်ခုဖြစ်၍ ကမ်းခြေသို့လာရောက်သူများ၊ ကမ်းခြေဒေသတွင်နေထိုင်သူများ များပြားသဖြင့် အမှိုက်များ စနစ်တနကျစွန့်ပစ်စေရေး၊ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာများ၊ ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေးဆိုင်ရာများကို အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်လိုပါကြောင်း၊ ရေနေသတ္တဝါများ ပျက်စီးဆုံးရှုံးမှုများ မရှိစေရေးအတွက်ငါးဖမ်းခြင်းလုပ်ငန်းများစနစ်တကျရှိစေရေး၊ ငါးမဖမ်းရဇုန်များ၊ ထိန်းသိမ်းရေးဧရိယာများသတ်မှတ်ထားရှိပြီး  အလေးထားလိုက်နာစေရေးကြပ်မက်ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် ပင်လယ်ကမ်းရိုးတန်းအဏ္ဏဝါသယံဇာတကာကွယ်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ ပင်လယ်ကမ်းခြေနှင့် ပင်လယ်ရေထုညစ်ညမ်းမှု ကင်းစင်ရေးဆိုင်ရာလုပ်ငန်းများတွင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်” ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟို​ကော်မတီ၏ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများအားဆွေးနွေးတင်ပြပြီးနောက် တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဝင်များက သက်ဆိုင်ရာဌာနအလိုက် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး၊ ပညာပေးလုပ်ငန်းများ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒီရေတောအပင်များ၏ ဇုန်အလိုက်ပေါက်ရောက်နေသော မျိုးစိတ်မျိုးကွဲများလေ့လာခြင်း၊ ဒီရေတောဂေဟစနစ်တွင်အရေးပါသည့် ခရုနှင့်အခွံနှစ်ခြမ်းရှိသည့်မျိုးစိတ်များ၏အခြေအနေ၊ ဒီရေတောအမျိုးအစားလိုက်ပြီး ၎င်းတို့၏ပျံနှံ့မှု၊ပေါများမှုအခြေအနေကိုလေ့လာခြင်းဖြင့်လက်ရှိဒီရေတော၏ဂေဟစနစ်ကိုခန့်မှန်းနိုင်သည့်သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဒီရေတောမြေဆီလွှာအတွင်းရှိ ကာဗွန်ပါဝင်မှုအခြေအနေများကို တိုင်းတာလုပ်ဆောင်သည့် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဒီရေချောင်းများအတွင်းရှိ အပင်မျှောလှေများ၏ မျိုးစိတ်အလိုက် ပျံ့နှံ့မှု၊ ပေါများမှု၊ ပါဝင်မှုများကိုလေ့လာခြင်းဖြင့် ငါးလုပ်ငန်းတိုးတက်မှုကိုသိရှိစေနိုင်မည့် သုတေသနပြုလုပ်ငန်းများဆောင်ရွက်မည့် အစီအမံများအား ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။

22-Jul-2022