ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံတွင် ယူရီးယားဓာတ်မြေသြဇာထွက်ရှိမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅)  ဓာတ်မြေဩဇာစက်ရုံသို့သွားရောက်၍ ယူရီးယားဓာတ်မြေသြဇာထွက်ရှိမှုကိုကြည့်ရှုအားပေးခဲ့ပါသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယူရီးယားထုတ်လုပ်သည့်နေရာ(prilling tower) တွင် ယူရီးယားထွက်ရှိမှုကိုကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက်ယူရီးယားသိုလှောင်ရုံသို့သွားရောက်၍ ယူရီးယားထုတ်ပိုးသိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီးယူရီးယားဓာတ်မြေသြဇာများထွက်ရှိလာပြီဖြစ်၍ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ စိုက်ပျိုးရေးအတွက် များစွာအထောက် အကူရမည်ဖြစ်ပါကြောင်း၊ စက်ရုံစွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားကြစေလိုကြောင်း၊ ထုတ်ပိုးမှုစနစ်များသေသပ်ကောင်းမွန်ပြီး စနစ်တကျ သိုလှောင်ထားရှိကာ  အဆင်သင့်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပါသည်။ အမှတ် (၅)  ဓာတ်မြေဩဇာစက်ရုံသည် စက်ရုံ နှစ်ပတ်လည်စက်ပြုပြင်မှု (Annual Shutdown) လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ ယခုလ ၁၃ ရက်နေ့တွင် သဘာဝဓာတ်ငွေ့စတင်ပို့လွှတ်လည်ပတ်ခဲ့ရာ ယနေ့နေ့လည်တွင် ယူရီယားစတင်ထွက်ရှိခဲ့ပြီး တစ်နေ့လျှင် ယူရီယားတန်၃၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

21-Jul-2022