ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ် ဧက(၁၀၀) စံပြကွက်ရှိ တောင်သူများအား ကွန်ပေါင်းမြေဩဇာ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကန်ကြီးထောင့်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များ၌ ၂၀၂၂ -ခုနှစ် မိုးစပါးရာသီ တစ်ဧက တင်း(၁၀၀) နှုန်းထွက်ရှိရေး ဧက(၁၀၀)စံပြကွက်ရှိတောင်သူများအား ကွန်ပေါင်းဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်နှင့်ကျောင်းကုန်းမြို့နယ်များမြို့နယ်များ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတက်ရောက်၍ တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်၊ကွင်းယားကြီးကျေးရွာရှိ ဧက(၁၀၀) စံပြကွက်ရှိတောင်သူများအား ကွန်ပေါင်းဓာတ်မြေဩဇာ (၁၀၀)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ အလားတူ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းကျေးရွာရှိ ဧက(၁၀၀)စံပြကွက်ရှိတောင်သူများအား ကွန်ပေါင်းဓာတ်မြေဩဇာများ ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ပြီး  တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။

အဆိုပါ ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြစေရေး၊ စနစ်တကျမြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကိုအချိုးကျသုံးစွဲကြစေရေး၊ မိရိုးဖလာစိုက်ပျိုးနည်းများအပြင်ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ စက်ကိရိယာများအသုံးပြုဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး၏ပန်းတိုင်အထွက်နှုန်းများရရှိစေရေး ကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာလေးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျုံလမုချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ) တည်ဆောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည်ဆောက်ရေးရှင်းလင်း‌ဆောင်၌ ခရိုင်ကျေးလက်လမ်းဦးစီးမှူးက တံတားဆောက်လုပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တံတားအရည်အ‌သွေး ပြည့်မီရေးနှင့်တည်‌ဆောက်ရေး လုပ်ငန်းများအချိန်မီပြီးစီး‌အောင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

21-Jul-2022