ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာ၊ ဦးမျိုးမြင့်၏ လယ်မြေတွင် ဆင်းသုခ မျိုးစပါး စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးပါတယ်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ငဝန်တာတွင် ဆည်းမြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  မိုးရာသီမြစ်ရေမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာမည့်ရေဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များကျရောက်ပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ရေဘေးကာကွယ်ရေးအစီအမံများ စနစ်တကျရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တာတမံများကိုလည်း  အကြိမ်ကြိမ်ပြုပြင်မွမ်းမံတည်ဆောက်ခဲ့ပြီး တာထောက်ခြင်းလုပ်ငန်းများ၊ ပန်းတာများကြိုတင်ဆောင်ရွက်ခြင်းလုပ်ငန်းများဖြင့် တာတမံထုထည်များ ပိုမိုကြံ့ခိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များရေဆွဲဆောင်ရွက်သည့်အပြင်စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းသည့်လက်တွေ့ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ပြီး လိုအပ်မှုများဖြည့်ဆည်းဆောင်ရွက်ရန်လိုပါကြောင်း၊ မြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိပါက အရေးပေါ်အခြေအနေအဆင့် ၁ ဖြစ်သတ်မှတ်၍ အစိမ်းရောင်၊ စိုးရိမ်ရေမှတ်အထက်ကျော်လွန်မြင့်တက်လျက်ရှိပါက အလံအဝါရောင်နှင့် စိုးရိမ်ရေမှတ်အထက်ဆက်လက်မြင့်တက်လာပြီး တာတမံကိုယ်ထည်ပေါ်ရေကျော်လာ၍ တာတမံကျိုးပေါက်နိုင်မည့်အခြေအနေရှိပါ အလံအနီရောင်လွှင့်ထူဆောင်ရွက်ရမည့် ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ် အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံလွှင့်ထူခြင်း အခြေအနေများ သိရှိနားလည်ထားကြရန်၊ သဘာဝဘေးအန္တရာယ်များကို အချိန်မီကြိုတင်ကာကွယ်နိုင်ရန်အတွက် တာတမံများတာဝန်ချထားသည့်ရေကင်းအဖွဲ့များ၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ရေဘေးကာကွယ်ရေးနည်းလမ်းများအတိုင်း ဂရုတစိုက်စောင့်ကြည့်ကြရန်၊ ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ခြင်းလုပ်ငန်းများကိုမြန်ဆန်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများကတက်ညီလက်ညီပူး ပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍  ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုများနှင့် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခြင်းများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံများပေးအပ်ခဲ့ပါသည်။ ထို့နောက် ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ တာတမံ ကိုယ်ထည် စိမ့်ထွက်ခြင်းနှင့် ရေပေါက်များဖြစ်ပေါ်ခြင်း၊ ကမ်းပြိုခြင်း၊ လှိုင်းပုတ်ခြင်းတို့အတွက်  ကာကွယ်ဆောင်ရွက်ရမည့်အခြေအနေများကို ရေဘေးကာကွယ်ရေး လက်တွေ့သရုပ်ပြရှင်းလင်းတင်ပြခြင်းနှင့် ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအစဉ် ဇာတ်တိုက်လေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ရေးအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့သွားရောက်၍ ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းသားကျောင်းသူများ တွင် သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောက်ဂါများဖြစ်ပွားမှုမရှိစရေးဂရုတစိုက်ဆောင်ရွက်ကြရန်မှာကြားခဲ့ကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများအတွက် ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာ၌  ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးစိုက်နည်းစနစ်(၄)မျိုးစမ်းသပ်ကွက်တွင် ဆင်းသုခ(SR)မျိုးစပါးများ စနစ်တကျစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး နည်းပညာပြန့်ပွားရေးစင်တာတွင် တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧက တင်း၁၀၀ထွက်ရှိရေး ဧက၁၀၀ စံပြကွက် တောင်သူများသို့ ဓာတ်မြေသြဇာအိတ် ၁၀၀ ပေးအပ်ခဲ့ကာ အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြစေရေး၊ စနစ်တကျမြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကိုအချိုးကျသုံးစွဲကြစေရေး၊ မိရိုးဖလာစိုက်ပျိုးနည်းများအပြင်ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ စက်ကိရိယာများအသုံးပြုဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာနှင့် Cash for work ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ(၁)ရွာအတွက် ရန်ပုံငွေကျပ် သိန်း၃၀၀၊ ၊ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာ(၁၅)ရွာအတွက် ကျေးရွာတစ်ရွာလျှင်ကျပ်သိန်း၁၀၀နှင့် Cash for work ကျေးရွာ (၁) ရွာအတွက်ရန်ပုံငွေကျပ်သိန်း၁၀၀တို့ကို ကျေးရွာတာဝန်ခံများအားပေးအပ်ခဲ့ရာ ကျေးရွာစီမံကိန်းတာဝန်ခံများကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ 

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်သည့်သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာနှင့် Cash for work ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရန်ပုံငွေရွာ (၂)ရွာအတွက် ရန်ပုံငွေကျပ် သိန်း၃၀၀၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာ(၁၅)ရွာအတွက် ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း၁၀၀နှင့် Cash for work ကျေးရွာ(၁) ရွာအတွက်ရန်ပုံငွေကျပ်သိန်း၁၀၀တို့ကို ကျေးရွာစီမံကိန်းတာဝန်ခံများအားပေးအပ်ခဲ့ရာ ကျေးရွာစီမံကိန်းတာဝန်ခံများကိုယ်စား တာဝန်ခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၁.၇.၂၀၂၂ရက်နေ့မှ ၁၁.၈.၂၀၂၂ရက်နေ့အထိဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းလျှပ်စစ်သံဂဟေဆက်လုပ်ငန်း သင်တန်းပို့ချနေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါစီမံကိန်းရန်ပုံငွေထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို   ဘဏ္ဍာနှစ်အလိုက် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတို့ဖြင့်နှစ်စဉ်ချထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပိုမိုဖြစ်ထွန်းအောင်မြင်နိုင်မည့်အလားအလာကောင်းများရှိနေပါကြောင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍  လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိစေရေး၊ ကုန်ထုတ်လမ်းဖောက်လုပ်သွားလာအသုံးပြုနိုင်စေရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင်အကောင်အထည်ဖော်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့်ကော်မတီများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းများအလိုက် စာရင်းဇယားများ စနစ်တကျထားရှိဆောင်ရွက်ကြရန်နှင့် စီမံကိန်းများ အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

15-Jul-2022