ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါတွင်းကာလမဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက် ၀၄း၃၀အချိန်တွင် ပုသိမ်မြို့ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၊ ဒေါ်လှယဥ် (ဝိသာခါ) ဓမ္မာရုံ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်၍ အရုဏ်ဆွမ်းလောင်းလှူခဲ့ကြပါသည်။

ဦးစွာ ပုသိမ်မြို့ရှိကျောင်းတိုက်အသီးသီးတွင် ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ်များမှ အရုဏ်ဆွမ်းခံကြွရောက်တော်မူလာကြကုန်သော သံဃာတော်(၁၉၃၉) ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော စေတနာရှင်အလှူရှင်များမှ အရုဏ်ဆွမ်းလောင်းလှုပူဇော်ခဲ့ကြသည်။

ဆက်လက်၍ အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲအပြီးတွင် ပုသိမ်မြို့ရှိထေရ်ကြီးဝါကြီး သံဃာတော်အရှင်သူမြတ်ငါးပါးတို့ကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်းနှင့်ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအားဆက်လက်နာယူ ကြည်ညိုကြသည်။ ယင်းနောက် အခမ်းအနားသို့  ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ဝါဆိုသင်္ကန်းနှင့်   လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်   အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍   ဧရာဝတီတိုင်းဒေသကြီး  သံဃနာယကအဖွဲ့၊ ဥက္ကဌ(သုဓမ္မာ) မရမ်းချိုကျောင်းတိုက်  ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ သာသနာရေးဆိုင်ရာကိစ္စရပ်များကို စိတ်အေးချမ်းသာစွာဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဝါတွင်းကာလပတ်လုံး တနင်္လာနေ့မှအပ တစ်ပတ်လျှင် ခြောက်ရက်ဖြင့် အရုဏ်ဆွမ်းလောင်းလှူပူဇော်သွားမှာဖြစ်ပါသည်။

14-Jul-2022