ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်နှင့် အင်္ဂပူမြို့နယ်များတွင် ဧရာဝတီ မြစ်ရေတိုက်စားမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်း ၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလယ်ကျွန်း(ဆိပ်)အနီးတွင် ငဝန်မြစ်ရေတိုက်စား၍ ကမ်းပါပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ ရေလယ်ကျွန်ကျေးရွာ ရွှေကျွန်းဇေယျာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာရှိ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလယ်ကျွန်း (ဆိပ်)အနီးရှိ ငဝန်မြစ်ရေတိုက်စားမှု အခြေအနေများနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ချုပ်မှ အရေးပေါ်ကာကွယ်ရေးဆောင်ရွက်မည့်အခြေအနေများ အမြန်ဆုံးဆောင်ရွက်စေရေးနှင့် ရေရှည်ကာကွယ်ရေးလုပ်ငန်းများစနစ်တကျရေးဆွဲဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကမ်းပြိုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလယ်ကျွန်း(ဆိပ်)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကညင်တပင်ကျေးရွာအနီး ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် အင်္ဂပူ-ညောင်ကျိုး ကားလမ်း ၇/၃ မိုင်နှင့် ၇/၅ မိုင်အတွင်း ကမ်းပြိုမှုကြောင့် ရှောင်ကွင်းလမ်းဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ  တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ကမ်းပြိုကာကွယ်ရေးလုပ်ငန်များဆောင်ရွက်ထားရှိမှုနှင့် ဟင်္သာတခရိုင်လမ်းဦးစီးဌာနမှူးမှ ရှောင်ကွင်းလမ်းဖောက်လုပ်နေမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးချုပ်မှ ရေရှည်တည်တံမှုရှိစေရေး၊ မြစ်ရေတိုက်စားမှုသက်သာစေရေးလုပ်ငန်းများဆောင်ရွက်ထားရှိရေးနှင့် အချိန်မီပြီးစီးစေရေးမှာကြားခဲ့ပါသည်။

13-Jul-2022