ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဧကာဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွန်းဆန်တော်နှင့် ဆီများဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ပုသိမ်မြို့ပေါ်ရှိ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများ ဝါတွင်းကာလအတွင်း သာသနာဆိုင်ရာကိစ္စရပ်များကို စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ်ပွားများနိုင်ရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် ၂၀၀ နှင့်သီလရှင် စာသင်တိုက်(၁)တိုက်အား ဧကာဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲအချိန်က သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ၊ပုသိမ်မြို့၊နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူ ကြည်ညိုကြသည်။

ယင်းနောက် အခမ်းအနားသို့  ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်  အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများက ဝါဆိုသင်္ကန်းနှင့်  ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  သီလရှင်ဆရာကြီးများအား သီလရှင်ဝတ်စုံ၊ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍   ဧရာဝတီတိုင်းဒေသကြီး  သံဃနာယကအဖွဲ့၊ ဥက္ကဌ(သုဓမ္မာ)မရမ်းချိုကျောင်းတိုက်  ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့်သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

12-Jul-2022