တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ချောင်းသာမြို့ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ဆောင်ရွက်သည့် School Cum Shelter ( ၁၃၀' × ၃၀' × ၂၃' ) ဆောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီရေး သက်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနမှ ငရုပ်ကောင်း- ငွေဆောင်- ရွှေသောင်ယံ- မကျီးစင်- ကျောက်ချွန်- ဂွ ကားလမ်းအား  ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစေရေးနှင့်သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့ရှိ ပုသိမ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံ သုတေသနနှင့်လေ့ကျင့်ရေးစခန်းသို့ သွားရောက်၍  အုန်းပင် များစုပေါင်းစိုက်ပျိုးပေးခဲ့ပါသည်။ ထို့နောက် အဏ္ဏဝါသိပ္ပံဌာန ရှင်းလင်းဆောင်တွင် ပုသိတက္ကသိုလ်ပါမောက္ခချုပ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ဓာတုဗေဒဌာန၊ ရုက္ခဗေဒဌာန၊ သတ္တဗေဒဌာနတို့မှ ပါမောက္ခဌာနမှူးများမှ ပုဇွန်သားပေါက်၊ ငါးသားပေါက်မွေးမြူနိုင်ရေး၊ ပင်လယ်မှော်၊ ပင်လယ်မြတ်၊ လမုပင်စသည်တို့မှ အဏုဇီဝ ပိုးထုတ်လုပ်၍ ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရေး၊ ပင်လယ်ရေမှော်များတွင် အိုင်အိုဒင်းပါဝင်မှုသိရှိနိုင်ရေးနှင့် ဂဏန်းအသားအာဟာရတန်ဖိုးမြှင့်တင်နိုင်ရေး လေ့လာသုတေသနပြုဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သုတေသနပြုလေ့လာမှုများမှ  ရလဒ်ကောင်းများထွက်ပေါ်လာစေရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လက်တွေ့အသုံးပြုအကောင်အထည်ဖော်နိုင်ရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

11-Jul-2022