ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးစကားဝိုင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးစကားဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ချောင်းသာမြို့ AZURA HOTEL ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကမ်းခြေဒေသအားအမှီပြု၍ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကမ်းခြေဒေသများသည် ပြည်သူများ၏ မွန်းသိပ်မှုများအား ဖြေလျှော့ပေးနိုင်တဲ့နေရာတစ်ခုဟုပြောရမှာဖြစ်ပါကြောင်း၊ နယ်မြေ တည်ငြိမ်​အေးချမ်းမှုရှိပြီးရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်၍ပြည်တွင်းခရီးသွားများအ​နေဖြင့်ယခုမိုးတွင်းကာလတွင်ပင်လာ​ရောက်လည်ပတ်​နေကြသည်ကို​တွေ့ရပါ​ကြောင်း၊ ဟိုတယ်ဇုံသန့်ရှင်းသာယာလှ​စေ​ရေးဝိုင်း၀န်း​ဆောင်ရွက်ကြရန်လိုပါကြောင်း၊ GLMSစနစ်အားဟိုတယ်အားလုံးအသုံးပြုနိုင်​ရေး၊ပြည်တွင်းပြည်ပခရီးသွားများကိုဆွဲ​ဆောင်နိုင်သည့် သဘာဝကို အခြေခံသည့် ခရီးစဥ်အသစ်များ​ရေးဆွဲ​ရေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများမြှင့်တင်နိုင်ရေးအတွက် ရာသီပွဲတော်၊ စျေးရောင်းပွဲတော်များကျင်းပဆောင်ရွက်ရန်လိုပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေဖြင့်လည်း ပလတ်စတစ်အမှိုက်များအား ကမ်းခြေ၌ မရှိစေရေး ဌာနဆိုင်ရာများ၊ ဟိုတယ်များ၊ ဒေသခံပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် ဆွေးနွေးပွဲမှတစ်ဆင့် ရလဒ်ကောင်းများ ထွက်ပေါ်လာပြီး ကမ်းခြေဒေသခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေး လက်တွေ့အသုံးပြုဆောင်ရွက်ကြစေလိုကြောင်း”ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းဦးစီးဌာန၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ချောင်းသာ)ဇုံ၊  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများ၏  ကိုယ်စားလှယ် တစ်ဦးစီမှ ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးခေါင်းစဉ်ဖြင့် စကားဝိုင်းအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

11-Jul-2022